Saturday, May 29, 2021

မိသားတစ်စု စီမံမှု သို့မဟုတ် သားချင်းတစ်စုစီမံမှု (Family Arrangement) အကြောင်း အကျဉ်း



မြန်မာဗုဒ္ဓဘာသာကိုးကွယ်သူများသည် သေတမ်းစာရေးခွင့်မရှိ။ သို့ဖြစ်ရာ ဗုဒ္ဓဘာသာကိုးကွယ်သူ အမွေပစ္စည်း ပိုင်ရှင်တစ်ဦးသည် မိမိသက်ရှိထင်ရှားရှိစည်တွင်သော်လည်းကောင်း၊ မိမိသက်ရှိထင်ရှား မရှိတော့သည့် နောက်တွင်လည်းကောင်း၊ နောင်ရေးစိတ်အေးရစေရန် မိမိ၏ပစ္စည်းများကို မည်သို့မည်ပုံခွဲဝေလိုကြောင်း အမွေခံထိုက်သူ မိသားစု ဆွေမျိုးသားချင်းအားလုံး စုပေါင်း၍ သဘောတူညီမှုရယူပြီး ပစ္စည်းခွဲဝေခြင်းဖြင့်သာ ဆောင်ရွက်ခွင့်ရှိပါသည်။ အမွေရှင် အပါအဝင် မိသားစုဝင်များ၊ သွေးချင်းတော်စပ်သူများက စုပေါင်းခွဲဝေခြင်းကို သဘောတူညီကြကာ စာတမ်းရေးသား၍ သဘောတူညီကြောင်း ကတိပြုလက်မှတ်ရေးထိုးကြခြင်း ဖြစ်သည်။ အမွေခွဲဝေမှုကို မိသားတစ်စု စီမံမှု ပြုလုပ်၍ ခွဲဝေခြင်းပင် ဖြစ်ပါသည်။

တနည်းအားဖြင့် ပစ္စည်းရှင်မသေဆုံးမီ ပစ္စည်းရှင်ကိုယ်တိုင်နှင့် မိသားစုဝင်များအားလုံး၏ သဘောတူညီချက်ဖြင့် ပစ္စည်းရှင် သေဆုံးသည့်အခါ အမွေပစ္စည်းများကို မည်ကဲ့သို့ ခွဲခြမ်းစိတ်ဖြာ၍ ဝေယူကြမည် သို့မဟုတ် ပစ္စည်းရှင်ကွယ်လွန်ပြီးနောက်တွင် ကျန်ရှိပစ္စည်းများကို မည်ကဲ့သို့ ခွဲဝေကြမည်ဆိုသော မိသားစု/သားချင်းတစ်စု၏ သဘောတူညီ၍ စီမံထားရှိမှုကို မိသားတစ်စု စီမံမှု သို့မဟုတ် သားချင်းတစ်စု စီမံမှုဟု ခေါ်ကြပါသည်။

သားချင်းတစ်စုတွင် ပစ္စည်းရှင်၏ မိသားစုဝင်များသာမက သာမန်အားဖြင့် အမွေခံစားခွင့်မရှိသည့် အခြားဆွေမျိုးသားချင်းများပါ အကျုံးဝင်ပါသည်။

မိသားစုစီမံမှု/သားချင်းတစ်စုစီမံမှုကို နှုတ်ဖြင့်ပြုလုပ်စီမံခန့်ခွဲနိုင်ကြောင်း ဦးဘဖေနှင့်မချိုတီး၊ ၁၉၆၆၊ မတစ၊ ရုံးချုပ်၊ ၇၂၇။ မငွေခင်နှင့်မရီစိန်၊ ၁၉၆၁၊ လွှတ်တော်၊ ၃၁၃။ မကျော်နှင့်ဒေါ်ကျေးဥ၊ အေအိုင်အာရ်၊ ၁၉၃၅၊ ရန်ကုန်၊ ၃၅၅။ စီရင်ထုံးများတွင် ထုံးပြုထားသည်။

ယခင်က စီမံမှုကို စာဖြင့်ရေးသားပြီး ငွေတစ်ရာကျပ်ထက်ပိုသော မရွေ့မပြောင်းနိုင်သည့်ပစ္စည်း ပါရှိလျင် မှတ်ပုံတင်ရန် လိုအပ်ကြောင်း မရူမွှေးနှင့်ဒေါ်ကျေးမြင့်၊ ၁၉၅၁၊ လွှတ်တော် ၁၁၁။ မကျော်နှင့်မကျေးဥ၊ အေအိုင်အာရ်၊ ၁၉၃၅၊ ရန်ကုန်၊ ၃၅၅ စီရင်ထုံးများအရ ဆောင်ရွက်ရပါသည်။

သို့သော် ၂၀၁၈ခုနှစ်၊ ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် − ၉ ၏ (၁−၁၀−၂၀၁၈) ရက်နေ့ တွင် အာဏာတည်သော စာချုပ်စာတမ်းများမှတ်ပုံတင်ဥပဒေ၏ ပုဒ်မ ၁၇ (စ)တွင် −

''မိသားစုစီမံခန့်ခွဲမှု စာချုပ်စာတမ်းများသည် ဤဥပဒေအရ မှတ်ပုံတင်လိုက တင်နိုင်သော စာချုပ်စာတမ်း အမျိုးအစားများ ဖြစ်ကြောင်း" အသစ်ပြဋ္ဌာန်းထားပါသည်။ ထို့ကြောင့် (၁−၁၀−၂၀၁၈)ရက်နေ့မှစ၍ မိသားစုစီမံခန့်ခွဲမှု စာချုပ်စာတမ်းများကို မှတ်ပုံမတင်မနေရအမျိုးအစားထဲတွင် အကျူံးမဝင်တော့ပါ။

တောင်မင်းနှင့် ရမ်ကူမာရမ်၊ အေအိုင်အာရ်၊ ၁၉၃၄၊ ရန်ကုန်၊ ၁၇၆ စီရင်ထုံးအရ စီမံမှုကိစ္စ၌ ပါဝင်သူတို့သည် အမွေဆိုင်ပစ္စည်းများ၌ အခွင့်အရေးရှိသူများ ဖြစ်ရမည်ဖြစ်ပြီးလျင် ထိုသူများသည် စီမံမှုတွင် တာဝန်ရှိစေရန် အတွက် အချင်းချင်း သဘောတူညီမှုရှိစေရန် လိုအပ်ကြောင်း ဆုံးဖြတ်သည်။

မိသားစုစီမံခန့်ခွဲမှုကို အကြောင်းပြု၍ အမွေစားအမွေခံများသည် ပစ္စည်းရှင်မိဘမကွယ်လွန်မီ ပစ္စည်းရရန် တရားစွဲဆိုခွင့်မရှိကြောင်း မသစ်နှင့်မောင်တိုးအောင်၊ အက်(စ်)ဂျေ၊ ၁၉၇၊အမှုတွင် ဆုံးဖြတ်ထားသည်။

မြန်မာဗုဒ္ဓဘာသာ အမွေခန်းဥပဒေ၌ မည်သို့ပင်ဆိုစေကာမူ အမွေခံများသည် အမွေပစ္စည်းကို မည်ကဲ့သို့ ခွဲဝေကြသည်ဆိုသည့် အချက်နှင့်ပတ်သက်၍ အချင်းချင်းပဋိညာဉ်ပြုခွင့်ရှိကြောင်း မအေးမြနှင့်မကွန်း၊ ၂ ယူဘီအာ(၁၈၉၂−၉၆) ၁၀၂ စီရင်ထုံးတွင် ဆုံးဖြတ်ထားသည်။

မိသားစုစီမံမှုကို အမွေခံတို့၏သဘောတူညီချက်ဖြင့် ပြုလုပ်၍ ထိုစီမံမှုအတိုင်း ပစ္စည်းများကို ခွဲဝေပြီးပါက အဆိုပါစီမံမှုကို ဖောက်ဖျက်ခွင့်မရှိကြောင်း မကျော်နှင့်မကျေးဥ၊ အေအိုင်အာရ်၊ ၁၉၃၅၊ ရန်ကုန်၊ ၃၅၅ / မပန်းစီနှင့်မလှရင်၊ ၁၉၆၃၊ မတစ၊ ၈၀၀ / ဦးသုမနနှင့်မဆိုင်၊ ယူဘီအာ၊ ၁၈၉၂−၉၆၊ ၃၉၀ စီရင်ထုံးများတွင် ဆုံးဖြတ်ထားပါသည်။

မိသားစုစီမံမှုတွင် ပါဝင်သူတစ်ဦးဦးသည် သဘောတူညီမှုကို လွတ်လပ်စွာ ပေးခဲ့ခြင်း မဟုတ်သည့်အပြင် ပဋိညာဉ်မှာလည်း မျှတမှုလုံးဝမရှိ။ လီဆည်ခံရခြင်း၊ မတရားဩဇာခံရခြင်းတို့ မရှိစေကာမူ အဆိုပါ စီမံမှုကို တရားရုံးက ပယ်ဖျက်ခွင့်ရှိသည်။ ပါဝင်သူတစ်ဦးက ပေးသမျှ ယူခဲ့ရပြီး ရသင့်ရထိုက်သော အစုကို စွန့်လွတ်ရန် နှုတ်ဖြင့်သဘောတူညီစေကာမူ စီမံမှုသည် တည်မြဲခိုင်မာမှုမရှိကြောင်း တဖူးဆယ်အာမက် နှင့် မောင်ရွှေကြည်၊ အေအိုင်အာ၊ ၁၉၂၉၊ ရန်ကုန်၊ ၃၃၅ တွင် ဆုံးဖြတ်ထားသည်။

မိသားစုစီမံမှု ပြုလုပ်ကာ အမွေပုံပစ္စည်းများကို ခွဲဝေပေးခြင်း၏ အဓိကရည်ရွယ်ချက်မှာ အတော်မသတ်နိုင်သည့် အမွေမှုအရှုပ်အထွေးများ ပေါ်ပေါက်ခြင်းမှ လည်းကောင်း၊ သားချင်းတစ်စု၏ အမွေကိစ္စနှင့်ပတ်သက်၍ စိတ်တမ်းကွဲပြားကာ မသင့်မတင့်ဖြစ်ရခြင်းမှလည်းကောင်း၊ ကာကွယ်ရန်ဖြစ်သည်။ x x x မိသားစုစီမံမှုကို အမွေရှင်/ပစ္စည်းရှင်သေဆုံးပြီး နောက်မှ ပြုလုပ်သည့် စီမံမှုမှာ ပဋိညာဉ်အက်ဥပဒေနှင့် မဆန့်ကျင်သ၍ တည်မြဲခိုင်မာသည်။ သို့သော် အမွေရှင်မသေမီ ပြုလုပ်သည့် စီမံမှုနှင့်ပတ်သက်၍ သားချင်းတစ်စုသည် အမွေပစ္စည်းတွင် လက်ငင်းအခွင့်အရေးရှိသေးသူမဟုတ်၍ ထိုသို့စီမံခွင့်မရှိကြောင်း မသဲရင် နှင့် ဉာဏ်ထွန်း၊ ၁၉၆၆၊ မတစ၊ ရုံးချုပ်၊ ၅၉၁ တွင် ဆုံးဖြတ်ထားသည်။

ပစ္စည်းပိုင်ရှင် အချင်းချင်း ပစ္စည်းခွဲဝေရာတွင်လည်း ဤစီမံမှုပုံစံဖြင့် ခွဲဝေပေးသကဲ့သို့ စာချုပ်ပြုလုပ်နိုင်သည်။

ပစ္စည်းခွဲဝေရာတွင် အဓိက လိုအပ်ချက်များမှာ

(၁)    အမွေပစ္စည်းခွဲဝေမှုကို မိသားတစ်စု စီမံမှုဖြင့်လည်းကောင်း၊ အမွေဆိုင်အချင်းချင်း သဘောတူညီချက်အရ မိမိတို့ ရသင့်ရထိုက်သော အချိုးအတိုင်း အမွေခွဲဝေစာချုပ်ဖြင့်လည်းကောင်း ခွဲဝေမှု ပြုနိုင်သည်။

(၂)    နှုတ်ဖြင့်လည်းကောင်း၊ စာဖြင့်လည်းကောင်း ပြုလုပ်နိုင်သည်။

(၃)    စာချုပ်စာတမ်း ရေးသားပါက မှတ်ပုံတင်လိုက တင်နိုင်သည်။ မှတ်ပုံမတင်မနေရ အမျိုးအစားထဲတွင် မပါရှိတော့ပါ။

(၄)    ပိုင်ရှင်အချင်းချင်းပစ္စည်းခွဲဝေနိုင်သကဲ့သို့ အမွေဆိုင်အချင်းချင်းလည်း ပစ္စည်းခွဲဝေနိုင်သည်။

 

ရွင်လန်းချမ်းမြေ့ပါစေ။