Friday, February 23, 2018

ရာဇသတ်ကြီး ပုဒ်မ ၇၅ အကြောင်း

 ရာဇသတ်ကြီး ပုဒ်မ #၇၅ - #ပြစ်ချက်ဟောင်းအကြောင်း
          ရာဇသတ်ကြီးပုဒ်မ ၇၅ တွင် ဤရာဇသတ်ကြီးပါ အခန်း#၁၂အရ၊ သို့တည်းမဟုတ် အခန်း#၁ရအရ သုံးနှစ်ဖြစ်စေ၊ သုံးနှစ်ထက်ပို၍ဖြစ်စေ ထောင်ဒဏ်တမျိုးမျိုးထိုက်သော ရာဇဝတ်မှုတစ်ခုခုအတွက် မြန်မာနိုင်ငံတော်အတွင်း တရားရုံး တစ်ခုခု၏ ပြစ်မှုထင်ရှား စီရင်ခြင်း ခံရဖူးသူသည် ဆိုခဲ့သောအခန်းများအနက် အခန်းတစ်ခုခုအရ ယခင်ထောင်ဒဏ်မျိုးနှင့် လည်းကောင်း၊ ယခင် ထောင်ဒဏ်ကာလနှင့် လည်းကောင်း တူညီသော ပြစ်ဒဏ်ချမှတ်ရန် ထိုက်သင့်သည့် ရာဇဝတ်မှုကို ထပ်မံကျူးလွန်လျင် ထိုသူကို ထပ်မံကျူးလွန်သော ပြစ်မှုအတွက် တသက်တကျွန်းဒဏ်ဖြစ်စေ၊ ဆယ်နှစ်ထိ ထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေ ထိုက်သင့်စေရမည်။
          ရာဇဝတ်မှုများတွင် နောက်ထပ်ပြစ်မှုကျူးလွန်သူကို မှတ်လောက်သားလောက်အောင် ပြစ်ဒဏ်ချမှတ်နိုင်ရန် ဤပုဒ်မကို ပြဋ္ဌာန်းထားခြင်းဖြစ်သည်။ ပုဒ်မတွင် တရားရုံးတစ်ခုခု၏ ပြစ်မှုထင်ရှားစီရင်ခြင်း ခံရဖူးသူ ဆိုသည့် စကားရပ်ကို သတိပြုရန်လိုပေသည်။ တရားရုံးက ပြစ်ဒဏ်တစ်ရပ်ဖြင့် အပြစ်ပေးပြီး၍ ထိုကဲ့သို့သော အမှုမျိုးကို ထပ်မံကျူးလွန်သူကို ပြစ်ချက်ဟောင်းရှိသူဟု ဆိုပါသည်။ ရာဇဝတ်မှုတွင် ပြစ်မှုနှင့်ပြစ်ဒဏ်ပမာဏအလိုက် နောင်ကျဉ်ဟန့်တားလောက်အောင် ကြီးလေးသောပြစ်ဒဏ်ချမှတ်နိုင်ရန် ဖြစ်သည်။ ရဲအက် ၄ရအရ ဆူပူနှောင့်ယှက်သူအပေါ် ချမှတ်သော ပြစ်ဒဏ်မျိုးမှာ သေးငယ်သော ပြစ်မှုပြစ်ဒဏ်ဖြစ်၍ နောက်တစ်ကြိမ်ထပ်မံကျူးလွန်သည့် အကြောင်းကြောင့် ဘဝတုံးစေမည့် ပြစ်ချက်ဟောင်း #ပြစ်ဒဏ်မျိုးကို ချမှတ်ရန် မသင့်ပေ။ တရားခံတစ်ဦးသည် ခိုးယူသည့် ပစ္စည်းတန်ဖိုးမှာ ၅ကျပ်၊ ၁ဝကျပ်တန်ဖြစ်ရာ ယခင်ခိုးမှုကို ကျူးလွန်၍ ပြစ်ဒဏ်ခံရဖူးသူ၊ ပြစ်ချက်ဟောင်းရှိသူ ဖြစ်သော်လည်း ထောင်ဒဏ်(၇)နှစ်ချမှတ်ခြင်းသည် အလွန်ကြီးလေးသောပြစ်ဒဏ်ဖြစ်နေပေသည်။
          ပြစ်ဒဏ်ကို သတ်မှတ်ရာတွင် ပစ္စည်းတန်ဖိုးသည် အဓိကမကျပေ။ အဓိကစဉ်းစားရမည်မှာ တရားခံ၏ အကျင့်စာရိတ္တ၊ အပြုအမူ၊ အကြံအစည်၊ ပြစ်မှုပမာဏစသည်တို့ဖြစ်ကြောင်း အစိုးရနှင့်ဘရှိန်၊ အတွဲ ၆၊ ရန်ကုန် ၃၉၁တွင် ဖော်ပြထားသည်။
          ပြစ်ချက်ဟောင်းရှိသူသည် တစ်ကြမ်ပြီးတစ်ကြိမ် ဆက်လက်ကျူးလွန်လေ့ရှိရာ ပဥ္စမအကြိမ်ပြစ်မှုကျူးလွန်သူကို ထောင်(၇)နှစ်ချမှတ်ခြင်းသည် အလွန်ကြီးလေးသည်ဟု မဆိုနိုင်ကြောင်း ကန်သာနှင့်အစိုးရ၊ #၁၈၉၂-၉၆၊ အတွဲ ၁၊ အထက်မြန်မာ၊ ၁၄ရတွင် ပြဆိုပါသည်။
          လွန်ခဲ့သော နှစ်ပေါင်းများစွာက ထောင်တစ်လကျခဲ့ဖူးသည့် ပြစ်ချက်ဟောင်းကြောင့် နွားနှစ်ကောင်ခိုးသူကို ထောင်(၇)နှစ်ချမှတ်ခြင်းသည် လိုသည်ထက်ပို၍ အပြစ်ပေးရာကျသဖြင့် ကြီးလေးသည်ဟု ဆိုရမည်ဖြစ်ကြောင်း လူကြီးနှင့် အစိုးရ၊ Selected Judgement, အောက်မြန်မာ၊ ၂၉၁တွင် ဖော်ပြထားသည်။
          ထို့ကြောင့် ပြစ်ချက်ဟောင်းရှိတိုင်း ဤပုဒ်မအရ ကြီးလေးသည့် ပြစ်ဒဏ်ကို ပေးရမည်ဟု မဆိုလိုပေ။ သင့်လျော်သည့်အကြောင်းရှိပါက နောက်ကျူးလွန်သည့် ပြစ်မှုအတွက် ယခင်ပြစ်ဒဏ်ထက် နည်းသောပြစ်ဒဏ်ကိုပင် ချမှတ်နိုင်သည်။ ဤပုဒ်မနှင့်အကျံူးမဝင်သည့်ကိစ္စပင်ဖြစ်သော်လည်း ပြစ်ဒဏ်သတ်မှတ်ရာတွင် ယခင်က ပြစ်ချက်ဟောင်း ရှိပါက ထိုပြစ်ချက်ဟောင်းကို ထည့်သွင်းစဉ်းစား၍ အမိန့်ချမှတ်နိုင်ကြောင်း အစိုးရနှင့်ပြည်ပုံ၊ Printed Judgement, အောက်မြန်မာ၊ ၉၃ နှင့် မောင်ကြီးနှင့်အစိုးရ၊ အတွဲ ၇၊ မြန်မာပြည်စီရင်ထုံး၊ ၃၅၃ တွင် ထုံးပြုထားသည်။
          ပြစ်ချက်ဟောင်းရှိသည်ဟု သုံးသပ်နိုင်ရန် သို့တည်းမဟုတ် ပုဒ်မ ၇၅နှင့်အကျံူးဝင်ရန် -
(၁)    တရားခံသည် မြန်မာနိုင်ငံအတွင်း ပြစ်မှုတစ်ခုခုနှင့်ပြစ်ဒဏ်ချမှတ်ခြင်းခံရဖူးသူဖြစ်ရမည်။ နိုင်ငံပြင်ပ၌ အပြစ်ပေး ခံရခြင်းနှင့် သက်ဆိုင်ခြင်းမရှိချေ။
(၂)    ယခင်ပြစ်ဒဏ်ကျခံရသည့် ပြစ်မှုသည်လည်းကောင်း၊ ယခုကျူးလွန်သည့်ပြစ်မှုသည်လည်းကောင်း၊ ရာဇသတ်ကြီး အခန်း၁၂ သို့မဟုတ် ၁ရတွင် ဖော်ပြထားသည့် ပြစ်မှုများဖြစ်ရန်လိုသည်။ ထို့ပြင် ယင်းပြစ်မှုအသီးသီးသည် အနည်းဆုံး ထောင်ဒဏ်သုံးနှစ်ကျခံထိုက်သည့် ပြစ်မှုပုဒ်မများ ဖြစ်ရမည်ဖြစ်သည်။
(၃)    ယခင်ကျူးလွန်သည့် ပြစ်မှုအတွက် ပြစ်ဒဏ်ကျခံပြီးနောက်မှ ကျူးလွန်သည့်ပြစ်မှုဖြစ်ရမည်။

          နောက်တစ်ကြိမ်ကျူးလွန်သည့် အချိန်တွင် ယခင်ပြစ်ချက်ဟောင်းရှိမှသာ ပုဒ်မ ၇၅နှင့် အကျံူးဝင်မည်ဖြစ်ကြောင်း အစိုးရနှင့်ဘိုးရှိန်၊ Printed Judgement, အောက်မြန်မာ၊ ၄၇၉၊ ဘိုးသိန်းနှင့်အစိုးရ၊ အတွဲ၄၊ မြန်မာပြည်စီရင်ထုံး၊ ၉၈၊ အဗ္ဗဒူရာမန်နှင့်အစိုးရ၊ အတွဲ၂၊ Burma Law Time၊ ၁၁၁ တွင် ဖော်ပြထားသည်။
          လိမ်လည်မှုတစ်ခုကို ကျူးလွန်သူသည် တရားရုံးတွင် တရားစွဲဆိုခံနေစဉ် နောက်ထပ်လိမ်လည်မှုကို ကျူးလွန်ကြောင်း ထပ်မံတရားစွဲဆိုခံရသည်။ ပထမစွဲဆိုထားသည့် အမှုမှာ အပြီးအပြစ် စီရင်ခြင်း မပြုရသေးဘဲ ပြစ်ဒဏ်ကို ချမှတ်ခြင်း မပြုရသေးသဖြင့်  နောက်စွဲဆိုသည့် အမှုတွင် ပြစ်ချက်ဟောင်း ရှိသည်ဟု ဆိုနိုင်မည်မဟုတ်ပေ။
          ၁၉ဝဝပြည့်နှစ်တွင် တရားခံတစ်ဦးကို ပြစ်မှုတစ်ခုဖြင့် အမှုစွဲဆိုရာ ၁၉၂ဝရောက်မှ ထိုအမှုအတွက် ပြစ်ဒဏ် စီရင်ခဲ့လျင် ထိုတရားခံအတွက် ၁၉၁၁၊ ၁၉၁၂၊ ၁၉၁၅ ကြားကာလ နှစ်ပိုင်းများအတွင်း အမှုစွဲဆိုခံရပြီး ပြစ်ဒဏ် စီရင်ခြင်းခံရမှုများရှိရာ ၁၉၂ဝတွင်ချမှတ်သောအမှုအတွက် ပြစ်ချက်ဟောင်းများဖြစ်သည်ဟု ဆိုနိုင်မည် မဟုတ်ကြောင်း ဘိုးစိုးနှင့်အစိုးရ၊ အတွဲ၉၊ အောက်မြန်မာ၊ ၁၁၁ တွင် ပြဆိုသည်။
          ရာဇသတ်ကြီး ၁၈၈အရ အာမခံတောင်းရာ အာမခံမပေးနိုင်၍ထောင်ကျခံရသူသည် ပြစ်ဒဏ်ထင်ရှားစီရင်ခြင်းခံရသူ မဟုတ်သဖြင့် ပြစ်ချက်ဟောင်းနှင့်အကျံူးမဝင်ကြောင်း အစိုးရနှင့်ဘိုးဝင်း၊ #Seleted Judgement, အောက်မြန်မာ၊ ၄၉၀ တွင် ပြဆိုသည်။
          စစ်ခုံရုံးမှ ချမှတ်သော ပြစ်ဒဏ်ဟောင်းသည် ဤပုဒ်မနှင့်သက်ဆိုင်ခြင်းမရှိ။ ရာဇသတ်ကြီးအရ စီရင်သည့် တရားရုံးများ၏ ပြစ်ဒဏ်ဟောင်းနှင့်သာ သက်ဆိုင်ကြောင်း၊ တစ်ခုထက်ပိုသည့်ပြစ်မှုများကို တစ်ကြိမ်တည်းကျူးလွန်ခဲ့ပါက ပြစ်မှုတစ်ခု၏ပြစ်ဒဏ်သည် အခြားပြစ်မှုတစ်၏ ပြစ်ချက်ဟောင်းဖြစ်သည်ဟု မဆိုနိုင်ကြောင်း အုပ်ကြီးနှင့်အစိုးရ၊ Seleted Judgement, အောက်မြန်မာ၊ ၄၄၉တွင် ထုံးပြုထားသည်။
          ရာဇသတ်ကြီးအခန်း ၁၂ သို့ ၁၇ ပါ ပြစ်မှုတစ်ခုခုဖြင့် စီရင်ခြင်းခံရသူသာ ဤပုဒ်မနှင့်အကျံူးဝင်သဖြင့် ကျေးရွာအက်အရ ပြစ်ဒဏ်ဟောင်းကို ဤပုဒ်မအရ အသုံးမပြုနိုင်၊ အကျံူးမဝင်ကြောင်း အစိုးရနှင့်ဘိုးခင်၊ #1879-01၊ အတွဲ ၁၊ အထက်မြန်မာ၊ ၃၈၈တွင် ဖော်ပြထားသည်။
          အခန်း၁၂ သို့မဟုတ် ၁ရတွင် ပါဝင်ခြင်းမရှိသည့် ပုဒ်မ ၅၁၁ကဲ့သို့သော ပုဒ်မများနှင့်လည်း အကျံူးမဝင်ကြောင်း ဖြူလွန်းနှင့်အစိုးရ၊ #Printed Judgement, အောက်မြန်မာ၊ ၄၉၆ တွင် ပြဆိုသည်။
          ပြစ်ချက်ဟောင်းရှိကြောင်း တရားလိုဘက်က တင်ပြရန်လိုသည်။ ယင်းသို့အပြစ်ပေးခံဖူးကြောင်း၊ သက်သေခံချက်မရှိပဲ ပုဒ်မရ၅အရ အမိန့်ချမှတ်လျင် ထိုအမိန့်သည် တရားမဝင် ပျက်ပြယ်သည်ဟု မောင်ပါနှင့်ပထစ၊ #1962၊ မတစ၊ ၄၇၉တွင် ထုံးပြုသည်။
          တရားခံအပေါ် စွဲဆိုသည့်အမှုကို စစ်ဆေးပြီးနောက် ပြစ်ချက်ဟောင်းနှင့်စပ်လျဉ်း၍ စစ်ဆေးကြားနာရမည် ဖြစ်သည်။ ပြစ်မှုပုံစံ ၈၃ကို အသုံးပြုရမည်ဖြစ်ကြောင်း တရားရုံးများလက်စွဲ အပိုဒ် ၆၄၅တွင် ညွန်ပြထားသည်။
          ပြစ်ချက်ဟောင်းရှိကြောင်း ထင်ရှားစေရန်-
(၁)    ယခင်ပြစ်ချက်၏မိတ္တမှန်ကောက်နှုတ်ချက်ကို ပြစ်ဒဏ်ချမှတ်သည့်ရုံ၏ အမှုထိန်းအရာရှိလက်မှတ်ဖြင့် တင်ပြခြင်း။
(၂)    ပြစ်ဒဏ်ခံရသူ မှန်ကန်ကြောင်း အကျဉ်းထောင်အရာရှိ၏ လက်မှတ်တင်ပြခြင်း သို့မဟုတ် ထောင်ဝရမ်း တင်ပြခြင်း။
          အမှုစစ်ဆးပြီးနောက် တရားခံအပြစ်ရှိကြောင်း တွေ့ရှိမှသာ ပြစ်ချက်ဟောင်းကို တင်ပြရမည်။ အမှုစစ်ဆေး၍ ပြီးစီးခြင်းမရှိမီ တင်ပြခြင်း မပြုရပေ။ တရားရုံးများလက်စွဲ အပိုဒ် ၆၄၄တွင် ဖော်ပြထားသည်။ တရားခံအကျင့်စာရိတ္တကောင်းကြောင်း သက်သေထူလျင် တရားလိုဘက်က #အကျင့်စာရိတ္တမကောင်းကြောင်း ထင်ရှားအောင် ယခင်ပြစ်ချက်ဟောင်းကို တင်ပြခွင့်ရှိမည်ဖြစ်သည်။
          ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ ပုဒ်မ #၅၁၁ တွင် တရားခံတစ်ဦး၌ ယခင်ပြစ်ချက်ဟောင်းရှိမရှိနှင့်စပ်လျဉ်း၍ မည်သို့ အထင်အရှားပြရမည်ကို အတည့်အလင်းပြဋ္ဌာန်းထားသည်။ ထိုပြဋ္ဌာန်းချက်အရ တရားရုံးတစ်ရုံးက တရားခံအပေါ် ယခင်က ချမှတ်ခဲ့သော အမိန့်၏ ကောက်နုတ်ချက်၊သို့မဟုတ် သက်ဆိုင်ရာအကျဉ်းထောင်အရာရှိက လက်မှတ်ရေးထိုးထားသည့် သက်သေခံလက်မှတ် သို့မဟုတ် ပြစ်ဒဏ်ကျခံစေရန် ဝရမ်းစာ စသည်တို့ကို တရားလိုဘက်က တရားရုံးသို့ တင်ပြသက်သေထူရမည်ဖြစ်ကြောင်း မောင်စိုးမြင့်(ခ)ရာရှစ် နှင့် ပထစ၊ #1982၊ မတစ၊ ၁၉တွင် လမ်းညွန်ထားသည်။
          ပုဒ်မ ၇၅သည် တရားသူကြီးတစ်ဦး၏ လက်ရှိအာဏာကို တိုးချဲ့ပေးခြင်းမဟုတ်ပါ။ မိမိရှိရင်းစွဲ အာဏာထက်ပို၍ ထောင်ဒဏ်သတ်မှတ်ခြင်း မပြုနိုင်ကြောင်း အစိုးရနှင့်ထွန်းသာ၊ Printed Judgement, အောက်မြန်မာ၊ ၇၈တွင် ပြဆိုသည်။ တရားသူကြီးသည် မိမိအာဏာထက်ပို၍ ထောင်ဒဏ်သတ်မှတ်ရန် လိုအပ်သည်ဟု ထင်မြင်ယူဆပါက ခရိုင်ရုံး (စက်ရှင်အာဏာတရားသူကြီးထံ)ပေးပို့ရမည်ဖြစ်သည်။
          ပုဒ်မ ၇၅အရ အရေးယူလျင်  ထောင်ဒဏ်ကို တိုးမြင့်သတ်မှတ်ရန်သာရှိသည်။ ငွေဒဏ်ချမှတ်ခြင်းဖြင့် အရေးယူခြင်းသည် ဥပဒေနှင့်မညီကြောင်း ထွန်းသာနှင့်အစိုးရ၊ အတွဲ၁၊ အောက်မြန်မာ၊ ၅ရတွင် ဖော်ပြထားသည်။
          ပုဒ်မ ၇၅အတွက် စွဲချက်ကို သီးသန့်ပြုလုပ်ရသည်။
          ပုဒ်မ ၇၅အရ အရေးယူရန်အတွက် သက်သေခိုင်လုံအောင် ထင်ထင်ရှားရှားပြသရန် တရားလိုဘက်တွင် တာဝန်ရှိပေသည်။

ရွင်လန်းချမ်းမြေ့ပါစေ။

Thursday, February 22, 2018

ရုံးခွန်နှင့်တံဆိပ်ခေါင်းခွန်အကြောင်း အကျဉ်း

 ရုံးခွန်နှင့်တံဆိပ်ခေါင်းအကြောင်း အကျဉ်း

     မြန်မာနိူင်ငံတွင် The Myanmar Stamp Act,1899 နဲ့ The Court Fees Act,1870 ဟူ၍ ရှိပါသည်။ ၁၉၅၃ခုနှစ်၊ ငွေကြေးအခြေခံနှုန်း အက်ဥပဒေအရ ကျပ်နှင့်ပြား အဖြစ် ပြင်ဆင်ခဲ့ပါသည်။ ဥပဒေပါ နှူန်းထားများကိုလည်း ၁၉၅၇ တွင်ပြင်ဆင်ခဲ့ပါသည်။ ၁၉၅၈ ခုနှစ်တွင် ဥပဒေအမှတ်-၂၄ ဖြင့် ရုံးခွန်(ပြင်ဆင်ချက်)အက်ဥပဒေကို ပြင်ဆင်ခဲ့ပါသည်။
   မြန်မာနိုင်ငံ၏ ရုံးခွန်အက်ဥပဒေကို ၁၈၇၀၊ ဧပြီလ(၁)ရက်နေ့နှင့် တံဆိပ်ခေါင်းခွန်အက်ဥပဒေကို ၁၈၉၉၊ ဇူလိုင်(၁)ရက်နေ့တွင် ပြဋ္ဌန်းခဲ့ခြင်းဖြစ်သည်။ ၁၉၅ရခုနှစ်တွင် အဆိုပါအက်ဥပဒေများကို အနည်းငယ်ပြင်ဆင်ကာ ၁၉၅၈ခုနှစ်တွင် တံဆိပ်ခေါင်းခွန်အက်ဥပဒေကို လုံးဝပြင်ဆင်ခြင်းမပြုဘဲ ရုံးခွန်အက်ဥပဒေကိုသာ အပိုဒ်(၂)တွင် အနည်းငယ်မျှ ပြင်ဆင်ခဲ့သည်။ ၁၉၆၂ မှ ၁၉၈၈ ခုနှစ်အထိ ၎င်းအက်ဥပဒေများကို ပြင်ဆင်မှုလုံးဝမတွေ့ခဲ့ရပါ။
  နဝတ ဥပဒေအမှတ်- ၆/၁၉၉၀(၃၀-၃-၁၉၉၀) ဖြင့် ရုံးခွန်အက်ဥပဒေကို ပြင်ဆင်ခြဲ့ပီး ဥပဒေအမှတ်- ၇/၁၉၉၀ ဖြင့် မြန်မာနိူင်ငံတံဆိပ်ခေါင်း အက်ဥပဒေကို တိုးမြင့်ပြင်ဆင်ခဲ့ကြောင်း တွေ့ရသည်။ ထို့ပြင် (၂၇-၁၁-၁၉၉၇)တွင် နအဖအမိန့်ကြေညာစာအမှတ်-၁၈/၁၉၉၇ ဖြင့် ထုတ်ပြန်ကြေညာခဲ့ပါသည်။ ထိုအချိန်က ကတိစာချုပ်ကို ၆ ကျပ်တန် တံဆိပ်ခေါင်းဖြင့် အသုံးပြခဲ့ပါသည်။
 ထို့နောက် ၂၀၁၂ခုနှစ်တွင် ပြည်တောင်စုအစိုးရအဖွဲ့၏ အစည်းအဝေးအမှတ် ၁၁/၂၀၁၂၌ သဘောတူညီချက်အရ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန အမိန့်ကြေညာစာအမှတ် (၁၂၂/၂၀၁၂)ဖြင့် မတ်လ(၁၅)ရက်နေ့စွဲပါ တံဆိပ်ခေါင်းခွန်အား အဆ၁၀၀ တိုးမြင့်လိုက်ကြောင်းနှင့် ရုံးခွန်အမိန့်ကြေညာစာအမှတ် (၁၂၃/၂၀၁၂)ဖြင့် ရုံးခွန်အား အဆ(၁၀၀)တိုးမြင့်လိုက်ကြောင်း ၂၀၁၂၊ နှစ်လယ်တွင် တစ်ကြိမ်ထပ်မံ ပြောင်းခဲ့ပြန်သည်။ ထိုနှစ်ပိုင်းများတွင် ကတိစာချုပ်ကို ၆ဝဝကျပ်တန်အသုံးပြုခဲ့ရသည်။
        ထို့နောက် ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ်-၁၄/၂၀၁၄(၁၉-၃-၂၀၁၄)ဖြင့် ရုံးခွန်အက်ဥပဒေ၊ ဥပဒေအမှတ်-၁၉/၂၀၁၄ (၂၈-၃-၂၀၁၄)ဖြင့် တံဆိပ်ခေါင်းအက်ဥပဒေများကို ပြင်ဆင်ခဲ့ပြီး တံဆိပ်ခေါင်းခွန် ကျသင့်သည့် စာချုပ်စာတမ်း အမျိုးအစားအလိုက် ပြင်ဆင်ခဲ့၍ (၁-၄-၂၀၁၄)ရက်နေ့မှစကာ ယခု ထိုပြင်ဆင်ချက်နဲ့အညီ ထမ်းဆောင်ပြီး ဆောင်ရွက်နေရခြင်း ဖြစ်ပါသည်။

(၁-၄-၂၀၁၄)ရက်နေ့မှစ၍ နှုန်းထားများ ပြင်ဆင်ထားသည့်အတိုင်း လက်ရှိပြဌာန်းထားသည့် နှုန်းထားနှင့်အညီ ထမ်းဆောင်ရပါသည်။
  လက်ရှိ(၁-၄-၂၀၁၄)ရက်နောက်ပိုင်း ရုံးခွန်နှင့် တံဆိပ်ခေါင်းခွန် ပြင်ဆင်ချက်များအရ ပြင်ပတွင်အတွေ့ရအများဆုံး တံဆိပ်ခေါင်းခွန် နှုန်းထားများမှာ အောက်ပါအတိုင်းဖြစ်သည်။

ရုံးခွန်ဥပဒေ အခွန်နှုန်းထားများ
ကျူးကျော်သူအား နှင်ထုတ်စေလိုမှု တန်ဖိုးအပေါ် 0.5% (အများဆုံးတန်ဖိုး ငါးသိန်း)
ကုန်ဖိုးငွေရလိုမှု/ချေးငွေရလိုမှု/ငွေရလိုမှု တန်ဖိုးအပေါ် 0.5% (အများဆုံးတန်ဖိုး ငါးသိန်း)
စာချုပ်စာတမ်းပြင်ဆင်ပေးစေလိုမှု တောင်းခံသည့် တန်ဖိုး ပေါ် 0.5% (အများဆုံးတန်ဖိုး ငါးသိန်း)
စာချုပ်စာတမ်းပယ်ဖျက်ပေးစေလိုမှု စာချုပ်တန်ဖိုးအပေါ် 0.5% (အများဆုံးတန်ဖိုး ငါးသိန်း)
(အကျိုးဆက်သက်သာခွင့်အား ခံစားနိုင်သည်)
စာချုပ်စာတမ်းလက်ရောက်ရလိုမှု စာချုပ်တန်ဖိုးအပေါ် 0.5% (အများဆုံးတန်ဖိုး ငါးသိန်း) (အကျိုးဆက်သက်သာခွင့်အား ခံစားနိုင်သည်)
စာရင်းရှင်းပေးစေလိုမှု ဆိုလွှာတန်ဖိုးအပေါ် 0.5% (အများဆုံးတန်ဖိုး ငါးသိန်း)
ကွာရှင်း ပြတ်စဲပေးစေလိုမှု ပုံသေရုံးခွန် (၁၀၀၀ ကျပ်)
မွေးစားခြင်းပယ်ဖျက်ပေးစေလိုမှု ပုံသေရုံးခွန် (၁၀၀၀ ကျပ်)
မြွက်ဟကြေငြာပေးစေလိုမှု ပုံသေရုံးခွန် (၁၀၀၀ ကျပ်)
ကွာရှင်း ပစ္စည်းခွဲ စေလိုမှု တရားလိုရသင့်သည့် တန်ဖိုး 0.5% (အများဆုံးတန်ဖိုး ငါးသိန်း)
မယားခေါ်လိုမှု ပုံသေရုံးခွန် (၁၀၀၀ ကျပ်)
အခွင့်အမိန်ရ နေထိုင်သူအား နှင်လိုမှု ပုံသေရုံးခွန် (၁၀၀၀ ကျပ်) (ပုံသေရုံးခွန်များသည့် ရုံးခွန်ဥပဒေ ဇယား (၂) အပိုဒ် -၁၇ (၆) အရ သတ်မှတ်ပါသည်။
အမွေပုံစီမံခန့်ခွဲပေးစေလိုမှု တရားလိုတောင်းဆိုသည့်သက်သာခွင့်အပေါ် တန်ဖိုး 0.5% (အများဆုံးတန်ဖိုး ငါးသိန်း) (ရုံးခွန်ဥပဒေ ဇယား (၁) အပိုဒ် -၁ အရ သတ်မှတ်ပါသည်)
အမွေဆက်ခံပိုင်ခွင့်လက်မှတ် ရမည့်ငွေ 5%(ဘဏ်ဥပဒေအရ အခွန်ကင်းလွတ်ခွင့် အား ဘဏ်မှ တောင်းခံလျှင် အခွန်ကင်းလွတ်ခွင့်ရရှိနိုင်သည်)
တရားမအယူခံတက်မည်ဆိုလျှင်မူလရုံးတွင် ထမ်းဆောင်ခဲ့သည့်အခွန် နှုန်းထားတိုင်း ရုံးခွန်ထမ်းဆောင်ရပါမည်။
တရားမပြင်ဆင်မှု တက်မည်ဆိုလျှင် မူလအမှုတန်ဖိုး သိန်းတစ်ရာအောက်ဆိုလျှင် ရုံးခွန်တစ်သောင်းကျပ်၊ တစ်ရာနှင့်အထက် ရုံးခွန်နှစ်သောင်းကျပ် ထမ်းဆောင်ရပါမည်။
          မြို့နယ်အဆင့် တရားရုံးများသို့ လျှောက်လွှာတင်မည်ဆိုပါက ရုံးခွန်တံဆိပ်ခေါင်း ငါးဆယ်ကျပ်အား ထမ်းဆောင်ရပါမည်။ ခရိုင်အဆင့်/ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း၊ ဒေသသို့ လျှောက်လွှာတင်မည်ဆိုပါက ရုံးခွန်တံဆိပ်ခေါင်း တစ်ရာကျပ်အား ထမ်းဆောင်ရပါမည်။ တိုင်း/ပြည်နယ်/ကောင်စီအဆင့်သို့ လျှောက်လွှာ တင်မည်ဆိုပါက ရုံးခွန်တံဆိပ်ခေါင်း နှစ်ရာကျပ်အား ထမ်းဆောင်ရပါမည်။ ဗဟိုအဆင့်နှင့် ညွန်ကြားမှု ဦးစီးဌာနအဆင့်သို့ လျှောက်လွှာတင်မည်ဆိုပါက ရုံးခွန်တံဆိပ်ခေါင်း သုံးရာကျပ်အား ထမ်းဆောင်ရပါမည်။ ပြည်ထောင်စု တရားလွှတ်တော်ချုပ် သို့ လျှောက်လွှာတင်မည်ဆိုပါက ရုံးခွန်တံဆိပ်ခေါင်း ငါးရာကျ့ပ်အား ထမ်းဆောင်ရပါမည်။
        တားဝရမ်း ထုတ်ပေးခြင်း၊ ဝရမ်းခွာပေးရန်လျှောက်ထားခြင်း၊ မြို့နယ် ၅ဝကျပ် ခရိုင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ဒေသ ၁၀၀ ကျပ်၊ တိုင်း/ပြည်နယ်၊ကောင်စီ၊ ၂၀၀ ကျပ်၊ ဗဟို၊ညွန်ကြားမှုဦးစီးဌာန ၃၀၀ ကျပ်၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ် ၅၀၀ ကျပ်။ ...စသည်ဖြင့် အမျိုးအစားအလိုက် ထမ်းဆောင်ရပါသည်။ ကျန်နှုန်းထားများကို အခွန်နှုန်းဇယားတွင် ကြည့်နိုင်ပါသည်။

တံဆိပ်ခေါင်းခွန်ဥပဒေအရ ထမ်းဆောင်ရမည့် တံဆိပ်ခေါင်းခွန်နှုန်းထားများ
(၁) ကတိစာချုပ်/သဘောတူကတိစာချုပ် ၃၀၀ ကျပ် (နှစ်ဦးသဘောတူကတိစာချုပ်၊  အရောင်းအဝယ် ကတိစာချုပ်၊ ဝန်ခံကတိစာချုပ်၊ မော်တော်ယာဉ်ရောင်းချခြင်းကတိစာချုပ်...စသည်)
(၂) ကွာရှင်းစာချုပ် ၂၅၀ ကျပ်
(၃) ကိတ္တိမမွေးစား စာချုပ် ၁၅၀ ကျပ်
(၄) ကိုယ်စားလှယ်လွဲစာ
          (က)အထွေထွေကိုယ်စားလှယ်လွဲစာ (ငါးဦး) ၁၀၀၀ ကျပ်
          (ခ)အထွေထွေကိုယ်စားလှဝ်လွဲစာ (ငါးဦးထက်ပိုလျှင်) ၂၅၀၀ ကျပ်
          (ဂ) အထူးကိုယ်စားလှယ်လွဲစာ ၃၀၀ ကျပ်
          (ဃ) အထူးကိုယ်စားလှယ်လွဲစာ ငါးဦးအထိဆိုလျှင် ၁၀၀၀ ကျပ်
          (င)အထူးကိုယ်စားလှယ်လွဲစာ ငါးဦးထက်ပိုလျှင် ၂၅၀၀ ကျပ်
          (စ) တရားရုံးအမှု လိုက်ပါဆောင်ရွက်ရန် ကိုယ်စားလှယ်လွဲစာ ၁၀၀ ကျပ်
(၅) ကျမ်းကျိန်လွှာ ၁၅၀ ကျပ်
(၆) ကုန်အမှတ်တံဆိပ် ၁၅၀ ကျပ်
(၇) ကြေညာစာတမ်း ၁၅၀ ကျပ်
(၈) ခံဝန်ချုပ် (အာမခံသည့်ငွေ သို့မဟုတ် တန်ဖိုးပေါ်တွင်၁%)
(၉) စာချုပ်စာတမ်းမူရင်းခွဲ (မူရင်းစာချုပ်တွင်ဖော်ပြထားသည့်အတိုင်း/မူရင်းစာချုပ်အား မိတ္ထူကူးလျှင် ၁ဝဝကျပ်)
(၁၀) စွန့်လွှတ်စာချုပ် (စွန်လွှတ်သည့်တန်ဖိုး ခံဝန်ချုပ်တွင်ဖော်ပြထားသည့်အတိုင်း 1.5%) (အခြား အနေအထား တွင် ၂၅၀၀ ကျပ်)
(၁၁) စာချုပ်စာတမ်းမိတ္ထူကူးခြင်း (မူရင်းမရှိလျှင် ၂၅၀ ကျပ်)
(၁၂) ပေးကမး်စာချုပ်
          (၁) ရွေ့ပြောင်းနိုင်သောပစ္စည်း ၃၀၀ ကျပ်
          (၂)မရွှေ့ပြောင်းနိုင်သောပစ္စည်း တန်ဖိုးအပေါ် 1.5%
(၁၃) ပစ္စည်းခွဲဝေစာချုပ် ဝေစုတန်ဖိုးအပေါ် 1.5%
(၁၄) မိသားစုစီမံမှုစာချုပ် တန်ဖိုးအပေါ် 1% (အများဆုံးတန်ဖိုး တစ်သိန်းခွဲကျပ်)
(၁၅) ယုံမှတ်အပ်နှံသည့်စာချုပ် တန်ဖိုးအပေါ် 1% (အများဆုံးတန်ဖိုး ၆၀၀ ကျပ်)
(၁၆) လှုဒါန်းစာချုပ် တန်ဖိုးအပေါ် 1% (အများဆုံးတန်ဖိုး ၆၀၀ ကျပ်)
(၁၇) လက်ထပ်စာချုပ် ၂၅၀ ကျပ်
(၁၈) အဌားစာချုပ် ဌားရမ်းသည့်တန်ဖိုးအပေါ် 0.3% မှ 1.5%
(၁၉) အပေါင်စာချုပ် သုံးလကျော်သည်ဆိုလျှင် တံဆိပ်ခေါင်းခွန်ဥပဒေ ဇယား(၁) စဉ်၁၃(က) အရ ပေးဆောင်ရပါမည်။ သုံးလအထိဆိုလျှင် ၄င်းဇယား၏တစ်ဝက်။
(၂၀) အာမခံစာချုပ် ငွေတစ်ထောင်ကျပ်ထပ်မပိုလျှင် 1.5% ၊အခြားကိစ္စများနှင့် ဆိုလျှင် ၂၅၀၀ ကျပ်
(၂၁) အမှားပြင်စာချုပ် ၁၅၀ ကျပ်
(၂၂) အစုစပ်စာချုပ် မတည်ရင်းနှီးငွေ ငါးသိန်းကျပ်ထက်မပိုလျှင် ၃ဝဝကျပ်၊ (တန်ဖိုးငါးသိန်းထက်ပိုလျှင် ၃ဝဝကျပ် နှင့်အတူ ပိုနေသည့်ငွေပမာဏအပေါ် 1% ပေါင်းပြီး ပေးရပါမည်)
(၂၃) အစုစပ်ဖျက်သိမ်းခြင်း ၂၀၀၀ ကျပ်
(၂၄) အရောင်းအဝယ်ကတိစာချုပ်
          (၁) မရွှေ့ပြောင်းနိုင်သောပစ္စည်း မူလတန်ဖိုးအပေါ် 5% ( နယ်မြို့များတွင် 3%)
          (၂) ရွှေပြောင်းနိုင်သော ပစ္စည်း ၆၀၀ ကျပ်
(၂၅) အလုပ်သင် ၁၅၀ ကျပ်
(၂၆) ရှေ့နေအလုပ်သင် ၁၅၀၀ ကျပ်
(၂၇) တရားလွှတ်တော်ရှေ့နေ ၃ဝဝဝဝကျပ်
(၂၈)သင်းဖွဲ့စည်းမျဉ်း မတည်ရင်းနှီးငွေ သိန်းတစ်ထောင်ထက်မပိုလျှင် ငါးသောင်းကျပ်။ သိန်းတစ်ထောင်ကျပ် ထက်ပိုလျှင် တစ်သိန်းခွဲကျပ် ပေးဆောင်ရပါမည်။
(၂၉) ကုမ္ပဏီ သင်းဖွဲ့စည်းမျဉ်း Company Act ပုဒ်မ (၁၇) အရ သင်းဖွဲ့စည်းမျဉ်းပူးတွဲထားလျှင် တစ်သောင်းခွဲကျပ် ပူးတွဲမထားလျှင် တစ်သိန်းခွဲကျပ် ပေးဆောင်ရပါမည်။
(Non–Profit အဖွဲ့အစည်းများအတွက်ဆိုလျှင် အခွန်ကင်းလွတ်ခွင့်ရပါမည်)


(၃၀) နိုင်ငံခြားမှ ကိုယ်စားလှယ်လွဲစာ မြန်မာနိုင်ငံရောက်သည့်အချိန်မှ လေးလအတွင်း မှတ်ပုံတင်ရမှာဖြစ်ပြီး မတင်လျှင် ဒဏ်ငွေ ဆယ်ဆ ပေးဆောင်ပေးရမည် ဖြစ်ပါသည်။

    နံပတ်(၃၀) နှင့်ပတ်သက်၍ အမှားပြင်ဆင်ချက် Stamp act အရ တံဆိပ်ခေါင်း မကပ်လျှင်သက်သေခံမတင်သွင်းနိုင်ပါ။ နိုင်ငံရပ်ခြားတွင် ချုပ်ဆိုသည့် စာချုပ်များသည် လက်တွေ့တွင် စာချူပ်ချုပ်ဆိုစဉ် တံဆိပ်ခေါင်ဝယ်ယူရန် မဖြစ်နိုင်ပါ။ အဆိုပါစာချုပ်ကို မြန်မာပြည်ကိုရောက်ရှိုပြီး ၃ လအတွင်း တံဆိပ်ခေါင်းကပ်နိုင်ပါသည် Stamp act ကိုကြည့်ပါ။ ထို့နောက် အဆိုပါစာချုပ်သည် မြန်မာပြည်ကိုရောက်ရှိပြီး ၄ လအတွင်း မှတ်ပုံတင်သွင်း နိုင်ပါသည် Registration Act ကို ကြည့်ပါ။ နိုင်ငံခြားမှ လွှဲအပ်သော ကိုယ်စားလှယ်လွှဲစာများသည် မြန်မာပြည်တွင် ထပ်မံ၍မှတ်ပုံတင်ရန် မလိုပါ။ သက်ဆိုင်ရနိုင်ငံတွင် Legalize လုပ်ရန်သာ လိုအပ်ပါသည်။


(၃၁) Bill of Landing (BL) စာချုပ် ၁၅၀ ကျပ်
...စသည်ဖြင့် အမျိုးအစားအလိုက် ထမ်းဆောင်ရပါသည်။ ကျန်နှုန်းထားများကို အခွန်နှုန်းဇယားတွင် ကြည့်နိုင်ပါသည်။

ရွင်လန်းချမ်းမြေ့ပါစေ. . . . .