ရာဇသတ်ကြီး ပုဒ်မ #၇၅ - #ပြစ်ချက်ဟောင်းအကြောင်း
ရာဇသတ်ကြီးပုဒ်မ ၇၅ တွင် ဤရာဇသတ်ကြီးပါ အခန်း#၁၂အရ၊ သို့တည်းမဟုတ် အခန်း#၁ရအရ သုံးနှစ်ဖြစ်စေ၊ သုံးနှစ်ထက်ပို၍ဖြစ်စေ ထောင်ဒဏ်တမျိုးမျိုးထိုက်သော ရာဇဝတ်မှုတစ်ခုခုအတွက် မြန်မာနိုင်ငံတော်အတွင်း တရားရုံး တစ်ခုခု၏ ပြစ်မှုထင်ရှား စီရင်ခြင်း ခံရဖူးသူသည် ဆိုခဲ့သောအခန်းများအနက် အခန်းတစ်ခုခုအရ ယခင်ထောင်ဒဏ်မျိုးနှင့် လည်းကောင်း၊ ယခင် ထောင်ဒဏ်ကာလနှင့် လည်းကောင်း တူညီသော ပြစ်ဒဏ်ချမှတ်ရန် ထိုက်သင့်သည့် ရာဇဝတ်မှုကို ထပ်မံကျူးလွန်လျင် ထိုသူကို ထပ်မံကျူးလွန်သော ပြစ်မှုအတွက် တသက်တကျွန်းဒဏ်ဖြစ်စေ၊ ဆယ်နှစ်ထိ ထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေ ထိုက်သင့်စေရမည်။
ရာဇဝတ်မှုများတွင် နောက်ထပ်ပြစ်မှုကျူးလွန်သူကို မှတ်လောက်သားလောက်အောင် ပြစ်ဒဏ်ချမှတ်နိုင်ရန် ဤပုဒ်မကို ပြဋ္ဌာန်းထားခြင်းဖြစ်သည်။ ပုဒ်မတွင် တရားရုံးတစ်ခုခု၏ ပြစ်မှုထင်ရှားစီရင်ခြင်း ခံရဖူးသူ ဆိုသည့် စကားရပ်ကို သတိပြုရန်လိုပေသည်။ တရားရုံးက ပြစ်ဒဏ်တစ်ရပ်ဖြင့် အပြစ်ပေးပြီး၍ ထိုကဲ့သို့သော အမှုမျိုးကို ထပ်မံကျူးလွန်သူကို ပြစ်ချက်ဟောင်းရှိသူဟု ဆိုပါသည်။ ရာဇဝတ်မှုတွင် ပြစ်မှုနှင့်ပြစ်ဒဏ်ပမာဏအလိုက် နောင်ကျဉ်ဟန့်တားလောက်အောင် ကြီးလေးသောပြစ်ဒဏ်ချမှတ်နိုင်ရန် ဖြစ်သည်။ ရဲအက် ၄ရအရ ဆူပူနှောင့်ယှက်သူအပေါ် ချမှတ်သော ပြစ်ဒဏ်မျိုးမှာ သေးငယ်သော ပြစ်မှုပြစ်ဒဏ်ဖြစ်၍ နောက်တစ်ကြိမ်ထပ်မံကျူးလွန်သည့် အကြောင်းကြောင့် ဘဝတုံးစေမည့် ပြစ်ချက်ဟောင်း #ပြစ်ဒဏ်မျိုးကို ချမှတ်ရန် မသင့်ပေ။ တရားခံတစ်ဦးသည် ခိုးယူသည့် ပစ္စည်းတန်ဖိုးမှာ ၅ကျပ်၊ ၁ဝကျပ်တန်ဖြစ်ရာ ယခင်ခိုးမှုကို ကျူးလွန်၍ ပြစ်ဒဏ်ခံရဖူးသူ၊ ပြစ်ချက်ဟောင်းရှိသူ ဖြစ်သော်လည်း ထောင်ဒဏ်(၇)နှစ်ချမှတ်ခြင်းသည် အလွန်ကြီးလေးသောပြစ်ဒဏ်ဖြစ်နေပေသည်။
ပြစ်ဒဏ်ကို သတ်မှတ်ရာတွင် ပစ္စည်းတန်ဖိုးသည် အဓိကမကျပေ။ အဓိကစဉ်းစားရမည်မှာ တရားခံ၏ အကျင့်စာရိတ္တ၊ အပြုအမူ၊ အကြံအစည်၊ ပြစ်မှုပမာဏစသည်တို့ဖြစ်ကြောင်း အစိုးရနှင့်ဘရှိန်၊ အတွဲ ၆၊ ရန်ကုန် ၃၉၁တွင် ဖော်ပြထားသည်။
ပြစ်ချက်ဟောင်းရှိသူသည် တစ်ကြမ်ပြီးတစ်ကြိမ် ဆက်လက်ကျူးလွန်လေ့ရှိရာ ပဥ္စမအကြိမ်ပြစ်မှုကျူးလွန်သူကို ထောင်(၇)နှစ်ချမှတ်ခြင်းသည် အလွန်ကြီးလေးသည်ဟု မဆိုနိုင်ကြောင်း ကန်သာနှင့်အစိုးရ၊ #၁၈၉၂-၉၆၊ အတွဲ ၁၊ အထက်မြန်မာ၊ ၁၄ရတွင် ပြဆိုပါသည်။
လွန်ခဲ့သော နှစ်ပေါင်းများစွာက ထောင်တစ်လကျခဲ့ဖူးသည့် ပြစ်ချက်ဟောင်းကြောင့် နွားနှစ်ကောင်ခိုးသူကို ထောင်(၇)နှစ်ချမှတ်ခြင်းသည် လိုသည်ထက်ပို၍ အပြစ်ပေးရာကျသဖြင့် ကြီးလေးသည်ဟု ဆိုရမည်ဖြစ်ကြောင်း လူကြီးနှင့် အစိုးရ၊ Selected Judgement, အောက်မြန်မာ၊ ၂၉၁တွင် ဖော်ပြထားသည်။
ထို့ကြောင့် ပြစ်ချက်ဟောင်းရှိတိုင်း ဤပုဒ်မအရ ကြီးလေးသည့် ပြစ်ဒဏ်ကို ပေးရမည်ဟု မဆိုလိုပေ။ သင့်လျော်သည့်အကြောင်းရှိပါက နောက်ကျူးလွန်သည့် ပြစ်မှုအတွက် ယခင်ပြစ်ဒဏ်ထက် နည်းသောပြစ်ဒဏ်ကိုပင် ချမှတ်နိုင်သည်။ ဤပုဒ်မနှင့်အကျံူးမဝင်သည့်ကိစ္စပင်ဖြစ်သော်လည်း ပြစ်ဒဏ်သတ်မှတ်ရာတွင် ယခင်က ပြစ်ချက်ဟောင်း ရှိပါက ထိုပြစ်ချက်ဟောင်းကို ထည့်သွင်းစဉ်းစား၍ အမိန့်ချမှတ်နိုင်ကြောင်း အစိုးရနှင့်ပြည်ပုံ၊ Printed Judgement, အောက်မြန်မာ၊ ၉၃ နှင့် မောင်ကြီးနှင့်အစိုးရ၊ အတွဲ ၇၊ မြန်မာပြည်စီရင်ထုံး၊ ၃၅၃ တွင် ထုံးပြုထားသည်။
ပြစ်ချက်ဟောင်းရှိသည်ဟု သုံးသပ်နိုင်ရန် သို့တည်းမဟုတ် ပုဒ်မ ၇၅နှင့်အကျံူးဝင်ရန် -
(၁) တရားခံသည် မြန်မာနိုင်ငံအတွင်း ပြစ်မှုတစ်ခုခုနှင့်ပြစ်ဒဏ်ချမှတ်ခြင်းခံရဖူးသူဖြစ်ရမည်။ နိုင်ငံပြင်ပ၌ အပြစ်ပေး ခံရခြင်းနှင့် သက်ဆိုင်ခြင်းမရှိချေ။
(၂) ယခင်ပြစ်ဒဏ်ကျခံရသည့် ပြစ်မှုသည်လည်းကောင်း၊ ယခုကျူးလွန်သည့်ပြစ်မှုသည်လည်းကောင်း၊ ရာဇသတ်ကြီး အခန်း၁၂ သို့မဟုတ် ၁ရတွင် ဖော်ပြထားသည့် ပြစ်မှုများဖြစ်ရန်လိုသည်။ ထို့ပြင် ယင်းပြစ်မှုအသီးသီးသည် အနည်းဆုံး ထောင်ဒဏ်သုံးနှစ်ကျခံထိုက်သည့် ပြစ်မှုပုဒ်မများ ဖြစ်ရမည်ဖြစ်သည်။
(၃) ယခင်ကျူးလွန်သည့် ပြစ်မှုအတွက် ပြစ်ဒဏ်ကျခံပြီးနောက်မှ ကျူးလွန်သည့်ပြစ်မှုဖြစ်ရမည်။
နောက်တစ်ကြိမ်ကျူးလွန်သည့် အချိန်တွင် ယခင်ပြစ်ချက်ဟောင်းရှိမှသာ ပုဒ်မ ၇၅နှင့် အကျံူးဝင်မည်ဖြစ်ကြောင်း အစိုးရနှင့်ဘိုးရှိန်၊ Printed Judgement, အောက်မြန်မာ၊ ၄၇၉၊ ဘိုးသိန်းနှင့်အစိုးရ၊ အတွဲ၄၊ မြန်မာပြည်စီရင်ထုံး၊ ၉၈၊ အဗ္ဗဒူရာမန်နှင့်အစိုးရ၊ အတွဲ၂၊ Burma Law Time၊ ၁၁၁ တွင် ဖော်ပြထားသည်။
လိမ်လည်မှုတစ်ခုကို ကျူးလွန်သူသည် တရားရုံးတွင် တရားစွဲဆိုခံနေစဉ် နောက်ထပ်လိမ်လည်မှုကို ကျူးလွန်ကြောင်း ထပ်မံတရားစွဲဆိုခံရသည်။ ပထမစွဲဆိုထားသည့် အမှုမှာ အပြီးအပြစ် စီရင်ခြင်း မပြုရသေးဘဲ ပြစ်ဒဏ်ကို ချမှတ်ခြင်း မပြုရသေးသဖြင့် နောက်စွဲဆိုသည့် အမှုတွင် ပြစ်ချက်ဟောင်း ရှိသည်ဟု ဆိုနိုင်မည်မဟုတ်ပေ။
၁၉ဝဝပြည့်နှစ်တွင် တရားခံတစ်ဦးကို ပြစ်မှုတစ်ခုဖြင့် အမှုစွဲဆိုရာ ၁၉၂ဝရောက်မှ ထိုအမှုအတွက် ပြစ်ဒဏ် စီရင်ခဲ့လျင် ထိုတရားခံအတွက် ၁၉၁၁၊ ၁၉၁၂၊ ၁၉၁၅ ကြားကာလ နှစ်ပိုင်းများအတွင်း အမှုစွဲဆိုခံရပြီး ပြစ်ဒဏ် စီရင်ခြင်းခံရမှုများရှိရာ ၁၉၂ဝတွင်ချမှတ်သောအမှုအတွက် ပြစ်ချက်ဟောင်းများဖြစ်သည်ဟု ဆိုနိုင်မည် မဟုတ်ကြောင်း ဘိုးစိုးနှင့်အစိုးရ၊ အတွဲ၉၊ အောက်မြန်မာ၊ ၁၁၁ တွင် ပြဆိုသည်။
ရာဇသတ်ကြီး ၁၈၈အရ အာမခံတောင်းရာ အာမခံမပေးနိုင်၍ထောင်ကျခံရသူသည် ပြစ်ဒဏ်ထင်ရှားစီရင်ခြင်းခံရသူ မဟုတ်သဖြင့် ပြစ်ချက်ဟောင်းနှင့်အကျံူးမဝင်ကြောင်း အစိုးရနှင့်ဘိုးဝင်း၊ #Seleted Judgement, အောက်မြန်မာ၊ ၄၉၀ တွင် ပြဆိုသည်။
စစ်ခုံရုံးမှ ချမှတ်သော ပြစ်ဒဏ်ဟောင်းသည် ဤပုဒ်မနှင့်သက်ဆိုင်ခြင်းမရှိ။ ရာဇသတ်ကြီးအရ စီရင်သည့် တရားရုံးများ၏ ပြစ်ဒဏ်ဟောင်းနှင့်သာ သက်ဆိုင်ကြောင်း၊ တစ်ခုထက်ပိုသည့်ပြစ်မှုများကို တစ်ကြိမ်တည်းကျူးလွန်ခဲ့ပါက ပြစ်မှုတစ်ခု၏ပြစ်ဒဏ်သည် အခြားပြစ်မှုတစ်၏ ပြစ်ချက်ဟောင်းဖြစ်သည်ဟု မဆိုနိုင်ကြောင်း အုပ်ကြီးနှင့်အစိုးရ၊ Seleted Judgement, အောက်မြန်မာ၊ ၄၄၉တွင် ထုံးပြုထားသည်။
ရာဇသတ်ကြီးအခန်း ၁၂ သို့ ၁၇ ပါ ပြစ်မှုတစ်ခုခုဖြင့် စီရင်ခြင်းခံရသူသာ ဤပုဒ်မနှင့်အကျံူးဝင်သဖြင့် ကျေးရွာအက်အရ ပြစ်ဒဏ်ဟောင်းကို ဤပုဒ်မအရ အသုံးမပြုနိုင်၊ အကျံူးမဝင်ကြောင်း အစိုးရနှင့်ဘိုးခင်၊ #1879-01၊ အတွဲ ၁၊ အထက်မြန်မာ၊ ၃၈၈တွင် ဖော်ပြထားသည်။
အခန်း၁၂ သို့မဟုတ် ၁ရတွင် ပါဝင်ခြင်းမရှိသည့် ပုဒ်မ ၅၁၁ကဲ့သို့သော ပုဒ်မများနှင့်လည်း အကျံူးမဝင်ကြောင်း ဖြူလွန်းနှင့်အစိုးရ၊ #Printed Judgement, အောက်မြန်မာ၊ ၄၉၆ တွင် ပြဆိုသည်။
ပြစ်ချက်ဟောင်းရှိကြောင်း တရားလိုဘက်က တင်ပြရန်လိုသည်။ ယင်းသို့အပြစ်ပေးခံဖူးကြောင်း၊ သက်သေခံချက်မရှိပဲ ပုဒ်မရ၅အရ အမိန့်ချမှတ်လျင် ထိုအမိန့်သည် တရားမဝင် ပျက်ပြယ်သည်ဟု မောင်ပါနှင့်ပထစ၊ #1962၊ မတစ၊ ၄၇၉တွင် ထုံးပြုသည်။
တရားခံအပေါ် စွဲဆိုသည့်အမှုကို စစ်ဆေးပြီးနောက် ပြစ်ချက်ဟောင်းနှင့်စပ်လျဉ်း၍ စစ်ဆေးကြားနာရမည် ဖြစ်သည်။ ပြစ်မှုပုံစံ ၈၃ကို အသုံးပြုရမည်ဖြစ်ကြောင်း တရားရုံးများလက်စွဲ အပိုဒ် ၆၄၅တွင် ညွန်ပြထားသည်။
ပြစ်ချက်ဟောင်းရှိကြောင်း ထင်ရှားစေရန်-
(၁) ယခင်ပြစ်ချက်၏မိတ္တမှန်ကောက်နှုတ်ချက်ကို ပြစ်ဒဏ်ချမှတ်သည့်ရုံ၏ အမှုထိန်းအရာရှိလက်မှတ်ဖြင့် တင်ပြခြင်း။
(၂) ပြစ်ဒဏ်ခံရသူ မှန်ကန်ကြောင်း အကျဉ်းထောင်အရာရှိ၏ လက်မှတ်တင်ပြခြင်း သို့မဟုတ် ထောင်ဝရမ်း တင်ပြခြင်း။
အမှုစစ်ဆးပြီးနောက် တရားခံအပြစ်ရှိကြောင်း တွေ့ရှိမှသာ ပြစ်ချက်ဟောင်းကို တင်ပြရမည်။ အမှုစစ်ဆေး၍ ပြီးစီးခြင်းမရှိမီ တင်ပြခြင်း မပြုရပေ။ တရားရုံးများလက်စွဲ အပိုဒ် ၆၄၄တွင် ဖော်ပြထားသည်။ တရားခံအကျင့်စာရိတ္တကောင်းကြောင်း သက်သေထူလျင် တရားလိုဘက်က #အကျင့်စာရိတ္တမကောင်းကြောင်း ထင်ရှားအောင် ယခင်ပြစ်ချက်ဟောင်းကို တင်ပြခွင့်ရှိမည်ဖြစ်သည်။
ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ ပုဒ်မ #၅၁၁ တွင် တရားခံတစ်ဦး၌ ယခင်ပြစ်ချက်ဟောင်းရှိမရှိနှင့်စပ်လျဉ်း၍ မည်သို့ အထင်အရှားပြရမည်ကို အတည့်အလင်းပြဋ္ဌာန်းထားသည်။ ထိုပြဋ္ဌာန်းချက်အရ တရားရုံးတစ်ရုံးက တရားခံအပေါ် ယခင်က ချမှတ်ခဲ့သော အမိန့်၏ ကောက်နုတ်ချက်၊သို့မဟုတ် သက်ဆိုင်ရာအကျဉ်းထောင်အရာရှိက လက်မှတ်ရေးထိုးထားသည့် သက်သေခံလက်မှတ် သို့မဟုတ် ပြစ်ဒဏ်ကျခံစေရန် ဝရမ်းစာ စသည်တို့ကို တရားလိုဘက်က တရားရုံးသို့ တင်ပြသက်သေထူရမည်ဖြစ်ကြောင်း မောင်စိုးမြင့်(ခ)ရာရှစ် နှင့် ပထစ၊ #1982၊ မတစ၊ ၁၉တွင် လမ်းညွန်ထားသည်။
ပုဒ်မ ၇၅သည် တရားသူကြီးတစ်ဦး၏ လက်ရှိအာဏာကို တိုးချဲ့ပေးခြင်းမဟုတ်ပါ။ မိမိရှိရင်းစွဲ အာဏာထက်ပို၍ ထောင်ဒဏ်သတ်မှတ်ခြင်း မပြုနိုင်ကြောင်း အစိုးရနှင့်ထွန်းသာ၊ Printed Judgement, အောက်မြန်မာ၊ ၇၈တွင် ပြဆိုသည်။ တရားသူကြီးသည် မိမိအာဏာထက်ပို၍ ထောင်ဒဏ်သတ်မှတ်ရန် လိုအပ်သည်ဟု ထင်မြင်ယူဆပါက ခရိုင်ရုံး (စက်ရှင်အာဏာတရားသူကြီးထံ)ပေးပို့ရမည်ဖြစ်သည်။
ပုဒ်မ ၇၅အရ အရေးယူလျင် ထောင်ဒဏ်ကို တိုးမြင့်သတ်မှတ်ရန်သာရှိသည်။ ငွေဒဏ်ချမှတ်ခြင်းဖြင့် အရေးယူခြင်းသည် ဥပဒေနှင့်မညီကြောင်း ထွန်းသာနှင့်အစိုးရ၊ အတွဲ၁၊ အောက်မြန်မာ၊ ၅ရတွင် ဖော်ပြထားသည်။
ပုဒ်မ ၇၅အတွက် စွဲချက်ကို သီးသန့်ပြုလုပ်ရသည်။
ပုဒ်မ ၇၅အရ အရေးယူရန်အတွက် သက်သေခိုင်လုံအောင် ထင်ထင်ရှားရှားပြသရန် တရားလိုဘက်တွင် တာဝန်ရှိပေသည်။
ရွင်လန်းချမ်းမြေ့ပါစေ။
No comments:
Post a Comment